သီပေါမြို့ နမ္မတစ်ဝိုက်တွင် အဆုတ်နာ(တီဘီ) ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာ၊ ကျောက်မီးသွေး တူးဖော်ခြင်းကြောင့် ကျန်းမာရေး ပိုမိုထိခိုက်မည်ကို ဒေသခံများစိုးရိမ်နေ
သီပေါမြို့ နမ္မတစ်ဝိုက်တွင် အဆုတ်နာ(တီဘီ) ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာ၊ ကျောက်မီးသွေး တူးဖော်ခြင်းကြောင့် ကျန်းမာရေး ပိုမိုထိခိုက်မည်ကို ဒေသခံများစိုးရိမ်နေ
--- --- ---
ရှမ်းပြည်နယ်တောင်ပိုင်း သီပေါမြို့၊ နမ္မကျေးရွာတစ်ဝိုက်တွင် အဆုတ်နာ (တီဘီ) ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး ကျောက်မီးသွေး တူးဖော်ခြင်းကြောင့် ကျန်းမာရေး ပိုမိုထိခိုက်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဇူလိုင်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
၂၀၁၅ ခုနှစ်ကတည်းက ရွာ ၅ ရွာမှ ဒေသခံ ၁၀ ဦး (ကျား ၈၊ မ ၂) တို့ သည် တီဘီရောဂါကြောင့် သီပေါမြို့ရှိဆေးရုံတွင် ဆေးကုသမှု ခံယူနေ ရကြောင်း၊ အဆိုပါ ဒေသခံများထဲ မှ တစ်ဝက်ခန့် သည် နားကွန်ရွာ တွင်ရှိသော နားကွန်ကျောက်မီးသွေးတွင်း အနီးတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း၊ နားကွန် ကျောက်မီးသွေးတွင်းကို ၂၀၀၄ မှစတင်တူးဖော်ပြီး ၂၀၁၄ တွင် တိုးချဲ့ တူးဖော်လာသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများမှာ ကျောက် မီးသွေး တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖုန်မှုန့်၊ ကျောက်မီးသွေး များကို သိမ်းဆည်းထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကျောက်မီးသွေးများ ပုံထားခြင်းကြောင့် ဖြစ် ပေါ်သော အနံ့အသက်နှင့် မီးခိုးငွေ့များကြောင့် ဖြစ်ကြောင်း၊ နားကွန်မှ ရွာသားများက ကျောက်မီးသွေးမှ အနံ့အသက်ဆိုး များကို နေ့ရောညပါ ရှူရှိုက်နေရသည် ဟု ဒေသခံများက ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။
*** လူမှုဒုက္ခနှင့် စီးပွားရေးအခက်အခဲများ တွေ့နေရ
.
ရောဂါသည်များအနေဖြင့် ရောဂါဖြစ်ပွားခဲ့ပြီးနောက် လူမှုဒုက္ခ အခက်အခဲ များ အပါအ၀င် စီးပွားရေး အခက်အခဲများလည်း တွေ့ကြုံလာရသည်ဟု သိရသည်။
အသက် ၇၀ ခန့်ရှိပြီဖြစ်သော တီဘီရောဂါသည် တစ်ဦးက “ကျွန်တော့် ပြောင်းခင်း ၂ ဧက က အဲ့ဒီ ကျောက်မီးသွေး တွင်းနဲ့ ၁၃၀ မီတာလောက်ပဲ ဝေးတယ်။ ကျွန်တော့် ပြောင်းခင်းဆီသွားတိုင်း အနံ့အသက်ဆိုးကို ရှူနေရတယ်။ အဲ့ဒီအနံ့ကြောင့် ကျွန်တော် ထမင်းစားလို့တောင် မရဘူး" ဟုဆိုသည်။
၎င်းမှာရောဂါ စတင်ဖြစ်ပွားသည့် ၂၀၁၅ မှ၍ စီးပွားရေး ငွေရေးကြေးရေး ပြသ၁နာ ဖြစ်လာသည်ဟု ပြောပြသည်။
၎င်း၏ ဇနီးသည်မှာလည်း ၂၀၁၇ နှစ်ဆန်းပိုင်းတွင် နေမကောင်းဖြစ်ပြီး ချောင်းအလွန်ဆိုးကာ လွန်ခဲ့သည့် နှစ်လတွင် သေဆုံးသွားကြောင်း၊ တီဘီ ရောဂါကြောင့်ဟု သံသယ ရှိသော်လည်း ငွေကြေး အလုံအလောက် မရှိသောကြောင့် ဆေးရုံသို့ သွားရောက် မစစ်ဆေးနိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ရွာသားအများစုမှာ ချောင်းဆိုးနေသည်ကို တွေ့သောကြောင့် ရွာသူကြီးက သီပေါသို့ ဆေးစစ်ကုသမှု ခံယူဖို့ စီစဉ်နေရပြီဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ အဖြစ်အပျက် မတိုင်ခင်က ရွာသူရွာသားများ အနေဖြင့် ပြည်သူ့ဆေးရုံသို့ ခရီးအကွာအဝေး နှင့် ငွေကြေးအကုန်အကျ အပြင် ဗမာစကားမပြောတတ် သောကြောင့် သွားရောက်ရန် ဝန်လေးကြ ကြောင်း၊ ဆေးရုံရှိ ဝန်ထမ်းအများစုကလည်း ရှမ်းစကား မပြောတတ် သောကြောင့် ဘာသာစကား ဆက်သွယ်ရာတွင်လည်း အခက်အခဲများ ရှိကြောင်း သိရသည်။
*** ၂၀၁၇ တွင် ပိုဆိုးလာ
.
ဒေသခံများ ၏အဆိုအရ ၂၀၁၇ တွင် လေထုညစ်ညမ်းမှု ပိုဆိုးလာသည်ဟု သိရသည်။ နမ္မရှိ ကျောက်မီသွေးတွင်းကို မန္တလေးအခြေစိုက် ငွေရည်ပုလဲ ကုမ္ပဏီ က ၂၀၀၄ မှ စတင်တူးဖော်ခဲ့ကြောင်း၊ တူးဖော်သည့် လုပ်ငန်းခွင် သုံးနေရာမှ ပိန်းဆိုင်းရှိ ကျောက်မီးသွေးတွင်းကို ရပ်ဆိုင်းထားသော် လည်း၊ နားကွန်နှင့် ပန်ငါးရှိ ကျောက်မီးသွေးတွင်းကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ နေ့စဉ်တိုင်း နောင်ချိုနှင့် မန္တလေးရှိ ငွေရည်ပုလဲ ဘိလပ်မြေစက်ရုံနှင့် သကြားစက်ရုံသို့ ပို့ဆောင်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
နမ္မ ကျေးရွာအုပ်စုတွင် ကျေးရွာ ၇ ရွာရှိပြီး လူဦးရေ ၁,၅၀၀ ခန့် နေထိုင် ကြောင်း၊ အသက်မွေးဝမ်းကျောင်း အတွက် လယ်ယာစိုက်ပျိုးခြင်းကိုသာ အားထားနေရကြောင်း၊ ကျောက်မီးသွေးတွင်းကြောင့် လေထုညစ်ညမ်း မှုအပြင် စိုက်ပျိုးမြေ ဆုံးရှုံးခြင်း၊ ရေစီးရေလာ ပိတ်ဆို့ခြင်း၊ ရေညစ် ညမ်းခြင်း၊ ကျောက်မီးသွေး သယ်လာသော ကားများ မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆ တိုက်မှုများ ဖြစ်ကြောင်း သိရသည်။
*** ကျောက်မီးသွေးတူးဖေါ်မှု၏ ဆိုးကျိုးများကြောင့်ဟု စိတ်ပူနေ
.
ဒေသခံများက တီဘီရောဂါဖြစ်ပွားမှုသည် ကျောက်မီးသွေးတူးဖော်မှု၏ ဆိုးကျိုးများကြောင့်ဟု စိတ်ပူ နေကြကြောင်းလည်း သိရကာ အဆိုပါဒေသ တွင် ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောက်မီးသွေးတူးဖော်ခြင်း ရပ်တန့်ရန် နမ္မဒေသခံများက အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလတွင် ရွာသူရွာသား ၂၅၀ ခန့်က ငွေရည်ပုလဲ ကုမ္ပဏီ မန်နေဂျာနှင့်တွေ့ဆုံခဲ့ပြီး ကျောက်မီးသွေး တူးဖော်ခြင်းကို ရပ်တန့်ရန်နှင့် ပိန်းဆိုင်းရှိ မတူးဖော်တော့သည့် ကျောက်မီးသွေး တွင်းဟောင်းကို မြေပြန်ဖို့ပေးရန် တောင်းဆို ခဲ့ကြောင်း၊ အဆိုပါ တွင်းဟောင်းသည် ယခုအခါ အဆိပ်ရေကန်သဖွယ် ဖြစ်ပေါ်နေသည်ဟု သိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇော်မင်းထွန်း
The Ladies News
Credit



No comments: