ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Facebook Page ထိရောက်ရှိလာတဲ့ မအေးသောင်(ခ)အေးဝတ်ရည်သောင်း

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Facebook Page ထိရောက်ရှိလာတဲ့ မအေးသောင်(ခ)အေးဝတ်ရည်သောင်း
လူမူကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးလာတဲ့ အနုပညာရှင် မအေးသောင်း(ခ)အေးဝတ်ရည်သောင်းရဲ့ သတင်းဟာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ တရားဝင် Facebook စာမျက်နှာအထိ ရှောက်ရှိလာပါတယ်။ ဇွန်လ(၂၈)နေ့ မနက် ၁၀ နာရီအချိန်ခန့်က ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ Facebook Page ဖြစ်တဲ့ MOI Web Portal မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ယင်းစာမျက်နှာမှာ ရေးသားထားတာကတော့ မအေးသောင်းနဲ့ တွေ့ဆုံပြီး “အေးသောင်း သို့မဟုတ် ပြန်လည်ဖြစ်တည်လာတဲ့ အေးဝတ်ရည်သောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။ MOI နဲ့ မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။
အခုတလော လူမှုကွန်ရက်ပေါ်တွင် မြန်မာပရိသတ်များကြား မအေးသောင်းမှ မအေးသောင်း ဖြစ်နေကြသည်။ မအေးသောင်း ဆိုသည်မှာ သူ၏ပရိသတ် များက ချစ်စနိုးဖြင့် ခေါ်တွင်ကြခြင်းဖြစ်ပြီး သူ့အမည်မှာ အေးဝတ်ရည်သောင်း ဖြစ်သည်။ အနုပညာ သက်တမ်း အနှစ် ၂ဝ ခန့်ပင်ရှိနေပြီဖြစ်ကာ သူ့ကိုယ်သူ ပေါက်စီဟု ရည်ညွှန်းပြောဆိုတတ်သည်။ mntv ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသလျက်ရှိသော ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များ၏ အားပေးမှုကို ရရှိထားသူ ဖြစ်ပါသည်။ အေးဝတ်ရည်သောင်း၏ လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်း ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။
လတ်တလောအနုပညာ လှုပ်ရှားမှုအရ
လတ်တလောအနေနဲ့ ကြော်ငြာတွေ၊ မဂ္ဂဇင်း၊ ဂျာနယ် တွေအတွက် ဓာတ်ပုံတွေရိုက်ပေးဖြစ်ပါတယ်။Myanmar Media 7က ရိုက်ကူးမယ့် မင်္ဂလာရှိသောအရပ် ရုပ်သံဇာတ်လမ်း တွဲမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ ရှိပါတယ်။
ပရိသတ်တွေရဲ့အားပေးမှုအတွက် ဘာများပြောလိုပါသလဲ
ပေါက်စီပြန်ပြီး ရိုက်ဖြစ်တဲ့အထဲမှာ ပထမဇာတ်ကားက ကိုဖြိုးငွေစိုးတို့နဲ့ ရိုက်တဲ့Charm 2 ပါ၊ ဒုတိယမြောက်ကတော့ ရတနာပုံဇာတ်လမ်းတွဲပါ။ ဒုတိယမြောက်ကားမှာတင် ပရိသတ်ရဲ့ အသိအမှတ်ပြုခံရတော့ အတိုင်းမသိဝမ်းသာတယ်။ မျှော်လည်း မျှော်လင့်မထားပါဘူး၊ ပရိသတ်တွေ ဒီလောက်အထိ အားပေး လိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမယ့် ကိုယ့်ဘက်က အကောင်းဆုံးတော့ ပြင်ဆင်ထားပါတယ်။ ပရိသတ်တွေ အားပေး တဲ့အတွက် အလွန်ကိုကျေးဇူးတင်ပါတယ်၊ အံ့သြပြီး ပီတိ ဖြစ်ရပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ရေးသားတာတွေအပေါ် ဘာပြောလိုပါ သလဲ
တချို့ကလည်း ပျော်ချင်လို့ဝင်ဖတ်တဲ့ သူလည်းရှိတယ်။ ပေါက်စီက ကဗျာတော့မရေးတတ်ပါဘူး။ ဒါပေမယ့် အဲ့လို ရေးတာလေးတွေ ဖတ်ရတာသဘောကျတယ်၊ စိတ်လည်း စိတ်ချမ်းသာတယ်။
လက်ခံထားတဲ့ အနုပညာအလုပ်တွေကရော
အနုပညာနဲ့ ပတ်သက်ပြီး ကမ်းလှမ်းလာတာတွေရှိတဲ့အခါ ကိုယ်နဲ့လည်းကိုက်ညီတဲ့ ဇာတ်လမ်းတို့ ကာရိုက်တာတို့ ကလည်း ကိုယ်သဘောကျတဲ့ ကာရိုက်တာဖြစ်မယ်ဆိုရင်တော့ ပေါက်စီ အမြဲတမ်းရိုက်ဖြစ်နေမှာပါ။ ဒီကြားထဲမှာ မရိုက်ဖြစ်ဘူး ဆိုတာကလည်း တချို့သူတွေက နိုင်ငံခြားမှာ ကျောင်းသွားတက် နေတယ်ဆိုပြီး မေ့နေကြတာပေါ့နော်၊ မြန်မာနိုင်ငံမှာ မရှိဘူး လို့ဘဲ ထင်ကြတယ်။ ရှိတယ်ဆိုတာ မသိကြတဲ့သူတွေ၊ မငှားဖြစ် ကြတဲ့သူတွေ အခုတော့ ရှိတယ်ဆိုတာ သိသွားကြတော့ ပြန်ပြီး ဆက်သွယ်ကြတယ်။ ကမ်းလှမ်းထားတာတွေက ဘာရှိလည်း ဆိုတော့ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားရှိတယ်။ ကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်။ ဇာတ်လမ်းက မင်္ဂလာရှိသောအရပ်ဆိုတာ မြင့်မြတ်နဲ့ သရုပ်ဆောင်ပြီး ဒါရိုက်တာက ကိုသြရသနဲ့ ရိုက်မှာပါ။ အဲဒါက ရှေ့လမှာ မေမြို့မှာ သွားရိုက်မှာ။
ဘယ်လို ကာရိုက်တာတွေ စဉ်းစားရွေးချယ်ဖြစ်သလဲ
ဘယ်လိုကာရိုက်တာတွေ စဉ်းစားဖြစ်လဲဆိုတော့ ကိုယ်နဲ့ လိုက်မယ့် ဇာတ်ရုပ်ပေါ့။ အခုအချိန်မှာ ပေါက်စီကို ကလေး တုန်းကပုံစံ၊ လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂ဝ ကဆိုရင် အသက် ၁၃ နှစ် ၁၄ နှစ်ပဲ ရှိသေးတာလေ။ အဲ့ဒီတုန်းက ခုနစ်တန်း ရှစ်တန်း ကျောင်းသူလောက်ပဲ ရှိသေးတာလေ။ အဲဒီတုန်းက ကျောင်းသူ ဘဝဆိုတော့ ကျောင်းသူပုံစံကိုယ်နဲ့လိုက်တယ်၊ ကျောင်းသူဇာတ် ရုပ်ရိုက်ရင် အဆင်ပြေတယ်။ အခုအချိန်မှာ ကိုးတန်းကျောင်းသူ၊ ဆယ်တန်းကျောင်းသူ ဇာတ်ရုပ်နဲ့ဆိုရင် ဘယ်လိုမှ လိုက်ဖက်မှာ မဟုတ်ဘူး၊ အဆင်ပြေမှာလည်းမဟုတ်ဘူး။ ကိုယ့်အသက်၊ ကိုယ့်အရွယ်၊ ကိုယ့်အတွေ့ အကြုံနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာ ဇာတ်ရုပ်ဆိုရင် လိုက်ဖက်မယ်၊ အဆင်ပြေမှာပါ၊ အဲဒါကိုပဲ ရွေးချယ်ဖြစ်မှာပါ။
အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ရည်မှန်းချက်ထား သလဲ
ရည်မှန်းချက်ဆိုရရင်၊ တစ်ခါတစ်လေကျတော့ ရည်မှန်း ချက်နဲ့ ပန်းတိုင်ကမတူဘူး။ အောင်မြင်မှုဆိုတာက ကိုယ်ရဲ့ ပန်းတိုင် ဟုတ်ချင်မှဟုတ်မှာ။ တစ်ခုခုဖြစ်နေတတ်တယ်။ ပေါက်စီ အတွက်တော့ အောင်မြင်မှုက ပန်းတိုင်မဟုတ်ဘူး။ အောင်မြင်မှု ထက်ပိုတာလည်း ဖြစ်ချင်ဖြစ်မယ်၊ တခြားဟာလည်း ဖြစ်ချင် ဖြစ်မယ်။
ဘယ်လိုရည်မှန်းချက်ထားလဲဆိုတော့ ရည်မှန်းချက် တွေက အမျိုးမျိုး ထားကြတာပေါ့နော်။ ပေါက်စီအတွက် အနုပညာနဲ့ပတ်သက်တဲ့ ရည်မှန်းချက် ကတော့ ကိုယ်လုပ်နိုင် သရွေ့ အကောင်းဆုံး လုပ်သွားမယ်လို့ ရည်မှန်း ထားပါတယ်။ ဘယ်အခြေအနေမျိုးအထိ၊ အသက်ဘယ်လောက်အထိ လုပ်မယ် လို့ ရည်မှန်းထားတာထက်စာရင်တော့ ကိုယ်လုပ်ဖြစ်တဲ့ အလုပ် ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်လို့ ရည်မှန်းထား ပါတယ်။
အွန်လိုင်းပေါ်က ပရိသတ်တွေကို ဘာများပြောလို့ပါသလဲ
အဓိကက ဒီတစ်ခေါက် အေးဝတ်ရည်သောင်းဆိုပြီး ဖြစ်လာ တာက အွန်လိုင်းက ပရိသတ်တွေရဲ့ အားပေးမှုက တစ်စိတ် တစ်ပိုင်းဖြစ်သလို အွန်လိုင်းမီဒီယာတွေရဲ့ ပံ့ပိုးကူညီမှုကြောင့် လို့လည်း ပြောလို့ရပါတယ်။ ပေါက်စီအတွက် ကဗျာလေးတွေ ရေးပေးတဲ့ အဖွဲ့တွေရှိတယ်။We Love ဆိုတဲ့ အဖွဲ့တွေ ဖွဲ့လာပေးတာရှိတယ်။Poem for Ma Ma Aye Thaung ဆိုပြီးဖွဲ့လာပေးတာရှိတယ်။ သူတို့တွေ တစ်ယောက်နှစ်ယောက် ကနေစပြီး လုပ်လာပေးရင်းကနေ အကြီးကြီးဖြစ်သွားတာပေါ့ နော်။ သူတို့တွေကြောင့် မိုလို့ ပေါက်စီကို လူတွေပိုသိသွားကြတယ်။ အဓိက ကတော့ င်္ခေနဘသသု နဲ့ အွန်လိုင်းမီဒီယာတွေကြောင့်မို့ ပရိသတ်တွေ သိသွားကြတာ။ အလွန်ကို ကျေးဇူးတင်ပါတယ်။ အဓိကကတော့ အေးဝတ်ရည်သောင်းပြန်လည်ဖြစ် တည်လာတာ သူတို့ကြောင့်ပါလို့ ပြောလို့ရပါတယ်။
အားပေးကြတဲ့ ပရိသတ်တွေကို ဘာများပြောလိုပါသလဲ
အွန်လိုင်းပေါ်က ပရိသတ်က ၇ဝ ရာခိုင်နှုန်းလောက်ပေါ့၊ ၅ဝ ရာခိုင်နှုန်း ထက်ပိုမယ်ထင်တယ်။ အခုခေတ်က မြို့ရောနယ်ပါ အွန်လိုင်းသုံးနေကြတော့ အွန်လိုင်းပရိသတ်က အများဆုံးဖြစ် မှာပါ၊ ဒါပေမယ့်တချို့ အွန်လိုင်းမသုံးဘဲ ဗီဒီယိုဇာတ်လမ်းတွဲကို ကြည့်ပြီး အားပေးကြတဲ့ ပရိသတ်တွေရော၊ အရင်ကတည်းက အေးဝတ်ရည်သောင်းကို အားပေးကြတဲ့သူတွေပါ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုအသိ အမှတ်ပြုတဲ့အတွက် ဒီ့ထက် ပိုပြီးကြိုးစားဖို့တာဝန်ရှိသလို အမြဲတမ်း ခံစားရတယ်။ ဒါကြောင့် မို့ ပိုပြီးတော့ကြိုးစားသွားပါ့မယ်လို့ ပေါက်စီ ကတိပေးချင်ပါတယ်။
ဖြည့်စွက်ပြောလိုတာကရော
မကြာခင် ရိုက်ကူးမည့် မင်္ဂလာရှိသောအရပ် ဇာတ်ကားမှာ ကျောင်းဆရာမလေးပုံစံ အကောင်းဆုံး အတတ်နိုင်ဆုံး ကာရိုက်တာနဲ့ ကျောင်းဆရာမတစ်ယောက်ပုံစံဖြစ်အောင် ကြိုးစားပြင်ဆင်နေတယ်လို့ ပြောချင်ပါတယ်။

No comments:

Powered by Blogger.