ဆေးဖိုးဝါးခအတွက် အနုပညာအလုပ် ဆက်လက်လုပ်ကိုင်မည့် ဦးမိုးဒီ

ဆေးဖိုးဝါးခအတွက် အနုပညာအလုပ် ဆက်လက်လုပ်ကိုင်မည့် ဦးမိုးဒီ

အကယ်ဒမီ ဦးမိုးဒီသည် နှလုံးသွေးကြောကျဉ်းရောဂါပြန်လည် သက်သာလာပြီဖြစ်၍ မိမိအသက်အရွယ်နှင့်လိုက်ဖက်သော သရုပ်ဆောင်မှုများကို မိမိဆေးဖိုးဝါးခအတွက်ဆက်လက်လုပ် ကိုင်သွားမည်ဖြစ်ကြောင်း စံတော်ချိန်သို့ ပြောဆိုသည်။

"ကျွန်တော့်ကျန်းမာရေးကတော့ တော်တော်လေးပြန်ကောင်း လာပါပြီ။ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင် မှုတွေကို သင့်တော်တဲ့ သူကခေါ်ပြီး သုံးစွဲပေးလို့ ကျေးဇူး လည်းတင်တယ်။ ဆေးဖိုးဝါးခတွေရတာပေါ့။ တတ်နိုင်သမျှ ဆေးဖိုးဝါးခတွေရှာပါဦးမယ်" ဟု ဟာသသရုပ်ဆောင် ဦးမိုးဒီက ပြောဆိုသည်။

ဦးမိုးဒီသည် အသက် (၇၀) ရှိကာ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်၍ မဲဆောက်တွင် သွားရောက်ကုသခဲ့ကြောင်းသိရပြီး ကျန်းမာရေး ပြန်ကောင်းလာကာ ရယ်မောစရာဝက်ဘ်ဆိုက် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်းနှင့် ရိုက်ကူးလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်က သောကြာသား၊ နာမည်ရင်းသန်းထွန်းပါ။ကျွန်တော့်အသက် (၆၅) နှစ်လောက်က ရွှေတိဂုံစေတီပေါ်မှာ ဆွမ်းကပ်ရင်းနဲ့ ချော်လဲခဲ့ပါတယ်။ နေရာတွေကို ရေညှိလေး တွေတိုက်ပြီးတော့ အဲဒီအနားက ကလေးတွေကို မုန့်ဖိုးတစ် ယောက်တစ်ထောင်စီပေးခဲ့တယ်။ သောကြာထောင့်ကနေ ပြန်လာတော့ တစ်နေရာအရောက်မှာ ချော်လဲပြီးမေ့သွားခဲ့ တယ်။ ခါးရိုးထိသွားတယ်။ ဆေးရုံ ၁၆ ရက်တက်ရတယ်။ အိမ်မှာ တစ်လနားတဲ့အချိန်မှာလည်း နောက်ထပ် ညာဘက်ကျောက် ကပ်မှာ ကင်ဆာဖုတွေ့တယ်ဆိုပြီးတော့ ဆေးရုံကပြောတယ်။ ကျွန်တော်စိတ်ဓာတ်ကျပြီး သေတော့မှာပဲလို့ တွေးခဲ့ပါတယ်။ ဗန်ကောက်မှာ ပြန်သွားစစ်ကြည့်တဲ့အခါမှာ ကင်ဆာမဟုတ်ဘူး။ ဒဏ်ကြောင့်ရတဲ့ အဖုဆိုတော့ ကျောက်ကပ်ရဲ့သုံးပုံနှစ်ပုံ လောက်က ခွဲလိုက်ရတယ်။ အဲဒီဒဏ်ရာက သက်သာပြီးတော့မှ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်တာပါ။ အခုတော့ အကောင်း ပကတိလိုဖြစ်နေပါပြီ။ စိတ်ပူပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူး တင်ပါတယ်"ဟု ၎င်း၏ ကျန်းမာရေးနှင့်ပတ်သက်၍ သရုပ်ဆောင်ဦးမိုးဒီက ပြောဆိုသည်။

နဒီ
စံတော်ချိန်

No comments:

Powered by Blogger.