အရင်းနှီးဆုံးသူစိမ်းတွေ ကြမ်းတမ်းခက်ထန်သွားတဲ့အခါ

***************************************
လင်မယားဆိုတာ တကယ်တော့ အရင်းနှီးဆုံး သူစိမ်းတွေပါပဲ။ ဒီလို သူစိမ်းနှစ်ဦးအနေနဲ့ တစ်ဘဝလုံး စိတ်တူကိုယ်တူနဲ့ လက်တွဲညီသွားဖို့ဆိုတာ လွယ်ကူတာတော့မဟုတ်ပါဘူး။ နားလည်မှုတွေ နဲ့ ထွေးပွေ့ရမှာ ဖြစ်သလို မောင်တစ်ထမ်း မယ်တစ်ရွက် နဲ့ ဟာကွက်မရှိ အချိတ်အဆက်ညီညီ ကြိုးစားဖို့ လိုအပ်ပါတယ်။ ခက်တာက လူတွေရဲ့စိတ်ဟာ ပြောင်းလဲတတ်ပါတယ်။ အဲဒါကြောင့်ပဲ အိမ်ထောင်ရေးအဆင်မပြေမှုတွေ ဖြစ်ပေါ်လာကြတာပါပဲ။ ကျွန်မ အသိထဲမှာ သဇင် ဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။ သူ့အမျိုးသားက ကျွန်မတို့နဲ့ခင်မင်ရင်းနှီးတဲ့ လူတစ်ယောက်ပါပဲ။ သဇင်နဲ့ လက်မထပ်ခင်ကတော့ သူ့အမျိုးသားဟာ အမှန်တကယ်ကို လူကောင်းတစ်ယောက်ပါပဲ။ အရက်မသောက်ဘူး။ ဆေးလိပ်မသောက်ဘူး။ သူ့ချစ်သူကို အတော်လေးကို အလိုလိုက်အကြိုက်ဆောင်ချစ်တတ်တဲ့ လူစားမျိုးပါ။
မထင်မှတ်တာတစ်ခုကတော့ သူတို့လက်ထပ်ပြီး နှစ်လအတွင်းမှာ ပြောင်းလဲသွားတာပါပဲ။ သဇင့်ကို ရိုက်မောင်းပုတ်မောင်းလုပ်လာတယ်။ အရက်သောက်ပြီး မူးယမ်းတတ်လာတာပါပဲ။ မနက်မနက်ဆို သဇင် ဈေးဝယ်ထွက်လာပြီဆိုတာနဲ့ သူ့မျက်နှာတစ်ခုလုံးမှာ ဒဏ်ရာဒဏ်ချက်ချည်းပါပဲ။ ဘာကြောင့် လူကြီးတွေနဲ့ မတိုင်ပင်တာလဲ၊ ဘာကြောင့် ရပ်ကွက်ရုံးကို အသိပေးတိုင်ကြားတာမျိုး မလုပ်တာလဲ လို့ ကျွန်မ သဇင့်ကို မေးမိပါတယ်။
မိန်းမသား အတော်များများ ကို ကိုယ်စားပြုနေတဲ့ သဇင့် အဖြေကတော့ 'မိဘ စိတ်ဆင်းရဲမှာစိုးလို့၊ မိသားစု အရှက်ကွဲမှာ စိုးလို့" ပါတဲ့။ ကျွန်မတို့ မိန်းမသားများဟာ မြန်မာ့လူနေမှုစနစ်အရ လူတစ်ဦးတစ်ယောက်ကို ရွေးချယ်ပြီးပြီဆိုတာနဲ့ ဆိုးသည်ကောင်းသည် ငြင်းပယ်ခွင့်မရှိတော့ပါဘူး။ မိသားစုအရှက်၊ မိသားစု သိက္ခာ၊ မိဘတွေရဲ့ စိတ် စတာတွေနဲ့ ကိုယ့်ကိုယ်ကို ချုပ်နှောင်ပြီး တစ်ဘဝလုံး မပျော်မရွှင် နေကြရတော့တာပါပဲ။
ပတ်ဝန်းကျင်ကလူတွေက အဲဒီလို အကြမ်းဖက်မှုခံနေကြရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ အဖော်ကို စွန့်ခွာသွားတာမျိုး၊ သက်ဆိုင်ရာကို အသိပေးတိုင်ကြားတာမျိုး လုပ်လို့ရရဲ့သားနဲ့ မလုပ်ကြတာဟာ သူတို့ရဲ့ ရွေးချယ်မှုပဲလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အကြမ်းဖက်သူကနေ နည်းလမ်းအမျိုးမျိုးသုံးပြီး ခြိမ်းခြောက်တာတွေ၊ မိမိနှင့် သားသမီးတွေအပေါ်ကျရောက်နိုင်တဲ့ အန္တရာယ်တွေကို စိုးရိမ်တာတွေ၊ တခြားခိုလှုံစရာနေရာမရှိတာတွေ၊ ကလေးတွေစိတ်ဒဏ်ရာဖြစ်မှာစိုးတာတွေ စတဲ့ တခြားအကြောင်းများကြောင့်လည်း စွန့်ခွာရန် ခက်ခဲကြပါတယ်။
ဒါကြောင့် သူတို့ကို အပြစ်တင်မယ့်အစား ဒီလိုအဖြစ်မျိုးတွေကနေ ရုန်းထွက်နိုင်အောင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီနိုင်ဖို့အတွက် နည်းလမ်းတွေဝိုင်းဝန်းစဉ်းစားပေးဖို့လိုပါတယ်။
ဒီလိုမိန်းကလေးတွေများ ရှိခဲ့မယ်ဆိုရင် may may App လေးကို ဖွင့်ကြည့်ဖို့အကြံပေးပါရစေ။ may may App ရဲ့ ကျားမအခြေပြု ကဏ္ဍမှာ မိန်းကလေးတို့အတွက် အမှန်တကယ် သိသင့်သိထိုက်တဲ့ ဥပဒေရေးရာများကို ဆွေးနွေးနိုင်ဖို့အတွက် နည်းလမ်းများ ဖော်ပြပေးထားပါတယ်။ ဒါအပြင် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများအတွက် ကုစားပေးဖို့ ဆရာဝန်များရဲ့ အကြံပြုဆွေးနွေးချက်များကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်နော်။
*** အကြမ်းဖက်ခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အင်အားသုံးမှု၊ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ နိုင့်ထက်စီးနင်းလုပ်မှု၊ နှင့် ထိန်းချုပ်သော အပြုအမူများ ပါဝင်ပါတယ်၊ ဒီလိုအခြေအနေတွေ ကြုံတွေ့ထားသူတွေကို ကူညီဖို့အတွက် may may App လေးထဲမှာ ဆွေးနွေးတိုင်ပင်အကြံဥာဏ်ရယူနိုင်ဖို့ ဆရာဝန်တွေရဲ့ ဆေးခန်းလိပ်စာတွေနဲ့ ဆက်သွယ်ရမယ့် hotline ဖုန်းနံပါတ်တွေဖော်ပြထားပါတယ်။ ***
--------------------------------------------------------------------------------------------------------
***အမျိုးသမီးများအကြမ်းဖက်ခံရမှုများ ကြုံတွေ့ရပါကဆွေးနွေးတိုင်ပင်ရန်***
Hotline ဖုန်းနံပါတ်-အခရာအမျိုးသမီးအဖွဲ့ အခရာအမျိုးသမီးအဖွဲ့သည် အမျိုးသမီးရေးရာကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးနေသော ပြည်တွင်းရှိအရပ်ဖက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဝ၉ ၇၈၆ ၃၇၁ ဝ၅၅၊ ဝ၉ ၇၉၅ ၇၀၆ ၂၆၅

No comments: