သွေးတစ်ပုလင်းကျပ်တစ်သိန်းကျော်ဖြင့်မှောင်ခိုရောင်းချ

သွေးလှူ ရှင်​​တွေက​တော့ ​စေတနာနဲ့လှူသူတို့က​တော့
သွေးတစ်ပုလင်းကျပ်တစ်သိန်းကျော်ဖြင့်မှောင်ခိုရောင်းချ
------------------------
ရန်ကုန်မြို့ရှိ အစိုးရဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများတွင် သွေးတစ်ပုလင်းလျှင် ငွေကျပ်တစ်သိန်းမှ တစ်သိန်းခွဲကြား ပေါက်ဈေးဖြင့် မှောင်ခိုရောင်းချနေသော လူဆယ်ဦးခန့်ရှိသည့်အဖွဲ့ တစ်ဖွဲ့ရှိနေကြောင်း အဆိုပါ ရောင်းချသူများထံမှ အရေးပေါ် သွေးလိုအပ်၍ ဝယ်ယူခဲ့သူ အချို့ထံမှ စုံစမ်းသိရှိရသည်။

သွေးရောင်းချနေသောအဖွဲ့သည် ရန်ကုန်မြို့ရှိ ထင်ရှားသော ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ စံပြဆေးရုံကြီး အပါအဝင် နာမည်ကြီးပုဂ္ဂလိက ဆေးရုံ သုံးခုခန့်တွင် အသင့်စောင့်ဆိုင်းနေတတ်ပြီး သွေးလိုအပ်သော လူနာရှင်၏အခြေအနေကို ကြည့်ရှု၍ သွေးဝယ်ယူရန် စည်းရုံးသိမ်းသွင်းကာ သွေးအမျိုးအစားအလိုက် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲကြား ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကင်ဆာခံစားနေရသော ဖခင်လူနာအတွက် သွေးမှောင်ခိုသမားများထံမှ ဝယ်ယူခဲ့ဖူးသော ပဲခူးမြို့ရှိ ဦးတင်ထွန်းအောင်က ပြောကြားသည်။

“ကျွန်တော့်ကို လာစည်းရုံးလို့ ဝယ်လိုက်တာပါ။ အဖေ့အတွက် ဆရာဝန်က သွေးလိုတယ်၊ ခင်ဗျားရှာပေးပါ ပြောတယ်။ ကိုယ်က နယ်ကဆိုတော့ ဘယ်လိုရှာရမလဲ သေချာမသိဘူး။ လူက ပြေးလိုက် လွှားလိုက်နဲ့ ပျာယာခတ်သွားတာ။ ဒါနဲ့ လူတစ်ယောက်က ဘာသွေး လိုတာလဲ၊ လိုချင်ရင် ပိုက်ဆံ တစ်သိန်း ပေးရမယ် လာပြောတယ်။ ကိုယ်လည်း အဖေ့အတွက်ဆိုတော့ အိုသွေး တစ်ပုလင်း ယူမယ်ပြောလိုက်တယ်။ သူ့မှာ တစ်ခါတည်း ပါမလာဘူး။ နာရီဝက် စောင့်ပေးရင် သွေးရမယ်တဲ့ အဲ့ကျမှ ပိုက်ဆံပေးလိုက်ရတယ်”ဟု ၎င်းက ဆိုသည်။

သွေးမှောင်ခိုဈေးကွက်တွင် သွေး အမျိုးအစားအလိုက် ရှားပါးသော အေဘီသွေးကို ကျပ်တစ်သိန်းခွဲအထိ ဈေးပေါက်လျက်ရှိပြီး အိုသွေး၊ ဘီသွေးနှင့် စီသွေးများကို  ကျပ်တစ်သိန်းနှုန်းခန့်ဖြင့် တရားမဝင် ရောင်းချနေကြောင်း၊ အဆိုပါမှောင်ခို ရောင်းချနေသောအဖွဲ့မှာ ဆေးရုံများနှင့် အဝင်အထွက် ရှိသည် ပရဟိတအသင်းအဖွဲ့ သဏ္ဌာန်ယူထားပြီး ရောင်းချမည့် သွေးများကို တိုက်ရိုက် ရောင်းချခြင်း မရှိဘဲ တစ်ဆင့်ခံဖြင့် သွေးပုလင်းကို အပေးအယူ လုပ်ကြောင်း သွေးဝယ်ခဲ့ဖူးသူ တောင်ငူခရိုင် သံတောင်မြို့နယ်နေ ဦးအောင်မြင့်ဟန်က မှတ်ချက်ပြုသည်။

“နယ်မှာတော့ သွေးလိုရင် လှူချင်တဲ့သူက ဆေးရုံကို တိုက်ရိုက်လာလှူတယ်။ ကျွန်တော်လည်း ဒီနှစ်ဆန်းက မိန်းမရောဂါဖြစ်လို့ ဆေးရုံလာတက်တုန်း သွေးလိုလို့ ဝယ်ဖူးတယ်။ သွေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေကို ဖုန်းဆက်လို့ မရတာနဲ့ အရေးပေါ် ဝယ်လိုက်ရတာပါ။ ငွေ တစ်သိန်း ပေးလိုက်ရတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန် အမျိုးသား သွေးလှူဘဏ်အနေနှင့် သွေးလှူဒါန်းပွဲမှတစ်ဆင့် သွေး ယူနစ်ပေါင်း လစဉ် ၂၀ဝ နှင့် ၃၀ဝ  ပုံမှန် ရရှိနေပြီး သက်ဆိုင်ရာ ခရိုင်အလိုက် အစိုးရ ဆေးရုံများကို လိုအပ်သော သွေးယူနစ်အလိုက် ထုတ်ပေးလျက်ရှိကာ သွေးလှူဘဏ်က သွေးလိုအပ်သည့် လူနာရှင်နှင့် တိုက်ရိုက် မဆက်ဆံရခြင်းကြောင့် ယင်းဈေးကွက်ပေါ်ပေါက်မှုကို မသိရှိကြောင်း ရန်ကုန်အမျိုးသား သွေးလှူဘဏ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သီတာအောင်က ပြောကြားသည်။

“အမှန်အတိုင်းပြောရရင် သွေးလိုအပ်တဲ့ လူနာရှင်ကို တိုက်ရိုက်ပေးနေတာ မရှိပါဘူး။ ဆေးရုံတွေက သူတို့တောင်းသလောက် ဖြတ်ပေးလိုက်တာပါ။ ဒီမှာရှိတဲ့ စက်တွေ အကုန်လုံးက လူနာရှင်နဲ့ ဘာမှ မဆိုင်ဘူး။ အန်တီတို့ တာဝန်ယူပေးနေတဲ့ ဆေးရုံတွေဆိုရင်တော့ ဆရာဝန်ကပဲ လှမ်းပြောရတယ်။ လူနာပြောစရာ မလိုပါဘူး။ လူနာက အန်တီတို့ မပေးနိုင်တဲ့အခါကျရင်သာ ပါလာတတ်တယ်။ အဲ့ဒီအခါကျ သက်ဆိုင်ရာ ပရဟိတအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက် သွေးရှာနိုင်အောင် ဖုန်းနံပါတ်တွေ ထုတ်ပေးပါတယ်။ ကျန်တာတော့ ဘာမှမသိပါဘူး”ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်တွင်လည်း ရန်ကုန်မြို့ရှိ အစိုးရဆေးရုံများအတွက် ၄၅၀ မီလီ မီတာဆံ့ သွေးအိတ်ယူနစ်ပေါင်း ၆၉၀ဝ၀ ခန့် ရရှိခဲ့ကြောင်း၊ အဆိုပါစာရင်းမှာ လစဉ် ပြုလုပ်နေသည့် စုပေါင်း သွေးလှူဒါန်းပွဲမှတစ်ဆင့် အလှူခံရရှိနေခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသား သွေးလှူဘဏ်ထံမှ သိရသည်။

“သွေးပွဲစားတွေနဲ့ ပတ်သက်တဲ့ကိစ္စက ဥပဒေအရ တိတိကျကျ ပြောဖို့ဆိုတာ အခက်အခဲရှိတယ်။ ဒါကို ဆေးရုံတွေက သွေးကို လုံလောက်စွာ ရရှိအောင် မဖန်တီးနိုင်တာ အဓိက ကျတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနအနေနှင့် သွေးမှောင်ခိုရောင်းချမှုဖြစ်စဉ်များကို စောင့်ကြည့်စစ်ဆေးမှု မရှိကြောင်း၊ ထို့အပြင် ပုဂ္ဂလိက ဆေးရုံများသည်လည်း အမျိုးသားသွေးဌာနနှင့် လိုအပ်သော သွေး ယူနစ်အလိုက် ညှိနှိုင်းရယူနေခြင်းကြောင့် ယင်းဆေးရုံများ၏ အုပ်ချုပ်မှုနှင့်သာ သက်ဆိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောကြားသည်။

“သွေးနဲ့ပတ်သက်ပြီးတော့ ကြားကနေ ပွဲစားအနေနဲ့ လှုပ်ရှားနေသူတွေ ရှိနိုင်ပါတယ်။ သွေးက ဆေးရုံတွေဆီ တိုက်ရိုက် ရောက်သွားတော့ သက်ဆိုင်ရာ ဆေးရုံတွေရဲ့ အုပ်ချုပ်သူ၊ ဆေးရုံအုပ်တွေနဲ့ပဲ ဆိုင်ပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေကိုလည်း သွေးလှူဘဏ် တည်ထောင်ခွင့် တရားဝင် ပေးထားတာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

သွေးမှောင်ခိုရောင်းချမှုကို ပြည်သူ့ ကျန်းမာရေး ဥပဒေဆိုင်ရာ ပုဒ်မ ၂၇၁ တွင် ဖော်ပြထားသော ကူးစက်တတ်သော ရောဂါကာကွယ်ရေး နည်းဥပဒေ ဖီဆန်ခြင်းဖြင့် အရေးယူနိုင်ပြီး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ချမှတ်နိုင်သည်။

The Voice
Photo
Fb

No comments:

Powered by Blogger.